ချင်းရိုးရာခွါဒိုပွဲ(ခေါ်)နှစ်သစ်ကူးပွဲတော်သည် ရာသီပွဲတော်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အဓိကတောင်ယာ သီးနှံများကို ရိတ်သိမ်းပြီးချိန်တွင် ကျင်းပလေ့ရှိသည်။ ပထဝီအခြေအနေအရ တောင်ယာသီးနှံရိတ်သိမ်းချိန် သည် တစ်နေရာနှင့်တစ်နေရာမတူညီကြချေ။ ထို့ကြောင့် ခွါဒိုပွဲတော်ကို အစောဆုံးစက်တင်ဘာလမှ နောက် အကျဆုံး ဒီဇင်ဘာလအထိ နေရာဒေသအလိုက် ကျင်းပလေ့ရှိကြသည်။ ချင်းရေးရာဦးစီးအဖွဲ့မှ ခွါဒိုပွဲတော်ကို သီတင်းကျွတ်လဆန်း (၁၄)ရက်မှ လပြည့်ကျော် (၁)ရက်နေ့အထိ ကျင်းပရန် (၂၇.၁၀.၁၉၆၄)ရက်နေ့တွင် နေ့ရက်သတ်မှတ်ပေးခဲ့သည်။
ခွါဒိုပွဲတော်သည် ချင်းလူမျိုးတို့၏ ရိုးရာပွဲတော်များအနက် အထူးအရေးပါဆုံးနှင့် အမြင့်မြတ်ဆုံး ပွဲတော်ဖြစ်သည်။ ပွဲတော်ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တောင်ယာလုပ်ငန်းအောင်မြင်မှု အထိမ်း အမှတ်ဂုဏ်ပြုဆင်နွှဲရန် လာမည့်နှစ်တွင် ရွာသားများ ကျန်းမာပျော်ရွှင်ရေးနှင့် ရာသီဥတုကောင်းပြီး တောင်ယာ လုပ်ငန်းအောင်မြင်ဖြစ်ထွန်းစေရန်၊ မကောင်းသောနတ်ဆိုးကို ရွာတွင်းမှ မောင်းထုတ်ရန်ဖြစ်ပါသည်။
16.2.2017