post-featured-image

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၂၀ ) ( ပထမနေ့ )

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်

အထူးအစည်းအဝေး (၁/၂၀၂၀)  (ပထမနေ့)

၁၃၈၂ နယုန်လပြည့်ကျော် ၁၃ ရက်

၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၁၈  ရက်

(ကြာသပတေးနေ့)

၁။      ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့) ကျင်းပ ခြင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နေရာယူခြင်း။

ချင်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ်ချင်းပြည်နယ် လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၈)ရက် (ကြာသပတေးနေ့) နံနက် (၁၀၀၀)နာရီအချိန်၌ စတင်ကျင်းပပါသည်။

          (အစည်းအဝေးအခမ်းအနားမှူးအဖြစ် ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဦးက ဆောင်ရွက်ပါသည်။)

အခမ်းအနားမှူး။       ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…ယခုအချိန်ကစပြီး ဒုတိယ အကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့) အစီအစဉ်စတင် တော့မှာဖြစ်တဲ့အတွက် နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ခင်ဗျား…(၃)ကြိမ်

၂။      ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

အခမ်းအနားမှူး။       ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရောက်ရှိလာပါပြီခင်ဗျား……..

ဥက္ကဋ္ဌ။           အားလုံးမင်္ဂလာပါ။

အခမ်းအနားမှူး။       အားလုံးထိုင်နိုင်ပါပြီခင်ဗျား။

ဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း။            လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေးမှာ အထူးမှာကြးလို တာကတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များသည်  ပြည်သူများရွေးချယ်သော ကိုယ်စားလှယ်များဖြစ်သည့်အားလျော်စွာ အပြောအဆိုနေရာမှာ ကြမ်းတမ်းသော စကားလုံးများ၊ ညစ်ညမ်းသော စကားလုံးများ လုံးဝအသုံးမပြုဖို့ ပြောကြားလိုပါတယ်၊ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များမှာ ပြည်သူက ရွေးချယ်ထားတဲ့ ကျက်သရေရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် လွှတ်တော်မှာ အပြောအဆို၊ အနေအထိုင် ချိန့်ချိန်ပြီးတော့ ကိုယ့်ရဲ့ ဂုဏ်သရေနှင့် ကိုက်ညီတဲ့ ပြောဆိုနေထိုင်ပုံကို အထူးသတိပြုရန် ပြောကြားလိုပါတယ်၊ ဒါကြောင့် ဒီနေ့ ပြောကြား လိုသည့် စကားအသုံးအနှုန်းများကို ချိန့်ချိန်ပြီးတော့ ပြောကြားဖို့ အားလုံးမှာကြားလိုပါတယ်…

၃။      ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းဝေး(၁/၂၀၂၀) (ပထမနေ့) အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာခြင်း။

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား….. ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေများ အခန်း၆၊ အပိုဒ် ၃၄၊ အပိုဒ်ခွဲ(ခ)တွင် လွှတ်တော်သက်တမ်းတစ်ခု အတွင်းကျင်းပသော လွှတ်တော်အစည်းအဝေးတစ်ရပ်ရပ်၏ ပထမနေ့တိုင်း၌ လွှတ်တော်အစည်း အဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော် ဦးရေတက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။ အစည်းအဝေးအထမြောက်ပြီးနောက် ဆက်လက်ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံတစ်ပုံတက်ရောက်လျှင် အစည်းအဝေးများအထမြောက် သည်ဟု ဖော်ပြပါရှိပါတယ်။ ယခုအစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် (၂၄)ဦးအနက် (၂၂)ဦးတက်ရောက်ပြီး၊ ရာခိုင်နှုန်းအားဖြင့် (၉၁.၆၇%) ရာခိုင်နှုန်း တက်ရောက် တဲ့အတွက် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…….

(လက်ခုပ်သြဘာသံများ…)

၄။      ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့) အစီအစဉ်ကြေညာခြင်း။

ဥက္ကဋ္ဌ။           ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား….. ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေအခန်း (၂)၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (ခ)အရ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့) အစီအစဉ်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေပေးပြီးဖြစ်ပါတယ်….

၅။      အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခွင့်ပန်ကြား ခြင်း။

ဥက္ကဋ္ဌ။           ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား…ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေအခန်း(၂)၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ်(၁)အရ ခွင့်ပန်ကြားလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်သည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိအတွက်အခြားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကသော်လည်းကောင်း ခွင့်ပန်ကြားရမှာဖြစ်ပါတယ်….ဒီနေ့ အစည်းအဝေး မတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ခွင့်ပန်ကြားဖို့ ဖြစ်ပါတယ်…

ဦးပြေမင်း(ပလက်၀မြို့နယ်၊ မဲဆန္ဒနယ်အမှတ်)            လေးစားအပ်ပါသော ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား…ကျွန်တော် ကတော့ ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအတွင်းရေးမှူး ဦးပြေမင်းဖြစ်ပါတယ်… ယနေ့ ကျင်းပပြုလုပ်တဲ့ ဒုတိယ အကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) (ပထမနေ့)သို့ မတက်ရောက် နိုင်သည့် မင်းတပ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတိတ်ထန်း(ဒုတိယဥက္ကဋ္ဌ)သည် နေမကောင်းပါသဖြင့် ရန်ကုန်မြို့၌ ဆေးကုသမှုခံယူသောကြောင့်  ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀)သို့ တက်ရောက်နိုင်ခြင်း မရှိသည်ကို ခွင့်အဖြစ် သတ်မှတ်ပေးနိုင်ပါရန် ယင်း၏ကိုယ်စား လေးစားစွာ ခွင့်ပန်ကြားအပ်ပါသည်။

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်း၏ ခွင့်ပန်ကြားချက်ကို ခွင့်ပြုရန် သဘောတူပါသလားခင်ဗျား…(၃)ကြိမ်

(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူကြောင်း တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုကြပါသည်။)

သဘောမတူသူပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါသလား… (၃ကြိမ်)

(သဘောမတူသူမရှိကြောင်း တိတ်ဆိတ်စွာဖြင့် ဆန္ဒပြုကြပါသည်။)

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံးမှ သဘောတူတဲ့အတွက် ခွင့်ပန်ကြားချက် ကို လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာပါတယ်…

(လက်ခုပ်သြဘာသံများ)

၆။      ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) (ပထမနေ့) တက် ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း။

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား…….. ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေအခန်း(၂)၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲငယ် (၂)အရ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦး၊ ယနေ့ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ (၂)ဦးနှင့်  ခွင့်မဲ့ပျက်ကွက် သူ (မရှိကြောင်း)ကို တင်ပြပါတယ်…….

ဥက္ကဋ္ဌ။         ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ဒီကနေ့ ဒုတိယအကြိမ်ချင်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)သို့ တက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂၄)ဦးအနက် (၂၂) ဦးတက်ရောက်ပြီး ရာခိုင်နှုန်းအားဖြင့်(၉၁.၆၇%)

 ရာခိုင်နှုန်းတက် ရောက်ပါတယ်။ ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်း ဥပဒေအခန်း(၂)၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ် (၂)အရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို  ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ရယူရန်ဖြစ်ပါတယ်…

          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ယနေ့အစည်းအဝေးတက်ရောက်မှု အခြေ အနေကို အတည်ပြုရန် အားလုံးသဘောတူပါသလားခင်ဗျား…(၃)ကြိမ်

(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူကြောင်း တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုပါသည်။)

ဥက္ကဋ္ဌ။          လွှတ်တော်ကိုယ်စားလှယ်အားလုံးက အတည်ပြုရန် သဘောတူတဲ့အတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်မှ မှတ်တမ်း တင်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…

(လက်ခုပ်သြဘာသံများ…)

      ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ မေးခွန်းမေးမြန်းခြင်းနှင့် မေးခွန်းများကို သက်ဆိုင် ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များကပြန်လည် ဖြေကြားခြင်း။

ဥက္ကဋ္ဌ။           ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား……… ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၇ တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်တွင် မေးခွန်းမေးမြန်းလိုလျှင် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ လွှတ်တော်အစည်းအဝေးမစတင်မီ အနည်းဆုံး (၁၀) ရက်ကြိုတင်၍ မေးခွန်းများကို လက်မှတ်ရေးထိုးပြီး မေးခွန်းမေးမြန်းလိုကြောင်း အကြောင်းကြားစာနှင့်အတူ ပေးပို့ရမည်။ သို့ရာတွင် အရေးကြီးကိစ္စနှင့်သက်ဆိုင်သော မေးခွန်းကို ကန့်သတ်ထားသော (၁၀)ရက်အတွင်း ဖြေဆိုရန် ဖြေကြားမည့် သက်ဆိုင်ရာပုဂ္ဂိုလ်က သဘောတူ ကြောင်းပြန်ကြားလာလျှင် ဖြေဆိုရန်သတ်မှတ်သောနေ့တွင် ဥက္ကဋ္ဌကမေးမြန်းခွင့်ပြုနိုင်သည်ဟု ပြဌာန်းထားပြီး နည်းဥပဒေ ၁၀၅(ဂ)တွင် လွှတ်တော်ကိုယ်စားလှယ်များသည် မေးခွန်းစာရင်းတွင် မိမိအမည်နှင့် ယှဉ်တွဲ၍ပြထားသော အမှတ်စဉ်ကို ပြောကြားခြင်းဖြင့် ကြယ်ပွင့်ပြထားသော မေးခွန်းကို မေးမြန်းရမည်ဟု ပြဋ္ဌာန်းပါသည်။ ဒါကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ မေးခွန်းများ မေးမြန်းခြင်းနှင့်ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားဖို့ဖြစ်ပါတယ်…

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား….    ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာ  နည်းဥပဒေ ၉၇နှင့်အညီ သတ်မှတ်ကာလအတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁)ဦးမှ မေးခွန်း (၂)ခု မေးမြန်းခြင်းအား ခွင့်ပြုထားပါတယ်… ယနေ့ကျင်းပပြုလုပ်တဲ့ (ပထမနေ့)၌ နည်းဥပဒေ ၁၀၅(ဂ)နှင့်အညီ အခမ်းအနားအစီအစဉ်တွင် မိမိအမည်နှင့် ယှဉ်တွဲ၍ဖော်ပြထားသော အမှတ်စဉ်အတိုင်း မေးခွန်းမေးမြန်းရန် ဖြစ်ပါတယ်……

ဥက္ကဋ္ဌ။          ပထမဦးစွာ…မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်မှ  ၂၀၁၉-၂၀၂၀ခုနှစ်တွင် ပြည်သူများ ဝဥ‌ချေးငွေချထားပေးထား သကဲ့သို့လာ မည့်၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်သူများ ဝဥချေးငွေပြန်လည်ရရှိရေး အစီအစဉ် ရှိ/မရှိ   သိရှိလိုသောမေးခွန်းအား မေးမြန်းဖို့ဖိတ်ခေါ်ပါတယ်…

ဦးအောင်လျန်(မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်)     လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ကျွန်တော်ကတော့ မတူပီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ဖြစ်ပါတယ်… ၂၀၁၉-၂၀၂၀ခုနှစ်၊ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ်အစိုးရမှချင်းပြည်သူများအတွက်ဝဥစိုက်ပျိုးရန်အတွက် ကျပ်(၁.၆)ဘီလီယံကို အတိုးနှုန်း (၁၃)ရာခိုင်နှုန်းဖြင့် ချေးငွေချပေးနိုင်ရန် စီမံကိန်းကို ဒုတိယအကြိမ်ချင်း ပြည်နယ် လွှတ်တော်(၂၀)ကြိမ်မြောက်အစည်းအဝေးတွင် လွှတ်တော်ကအတည်ပြုပေးနိုင်ရန် အဆိုတင်သွင်း လာသဖြင့် ပြည်နယ်လွှတ်တော်မှ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံ အတည်ပြုပြီးခဲ့ပြီ။  ယခုတွင် ပြည်သူ များလက်ထဲသို့ ချေးငွေများရရှိပြီးဖြစ်သည်ဟု သိရှိရပါသည်။

      ချင်းပြည်နယ်သည် ယခင်ကရွှေ့ပြောင်းတောင်ယာများ အဓိကလုပ်ကိုင်မှီခိုကာ အိမ်ထောင်စု တစ်ခု၏ လုပ်အားခနဲ့ ပြန်လည်ရရှိသည့် ကုန်ထုတ်ဝင်ငွေနဲ့ မိသားစုစားဝတ်နေရေး၊ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့် အထွေထွေအသုံးစရိတ်များ ဖူဖူလုံလုံလုံလောက်ခြင်းမရှိပေ။ ချင်းပြည်နယ်သည် ရာသီအလိုက် ဒေသမြေဆီလွှာနှင့် ကိုက်ညီသည့်  အပင်မျိုးစေ့များ စိုက်ပျိုးရာ တွင်အလွန်ကောင်းမွန်နေသည်ကိုမြေပြင်တွေ့ရှိရပါသည်။ လက်ရှိ ချင်းပြည်နယ် ပြည်သူများ၏ မမျှော်လင့် ဖူးသော သဘာဝပေါက်ပင် ဝဥမျိုးများသည် နိုင်ငံခြား ဈေးကွက်တွင် အထိုက်အလျောက် တင်ပို့ရောင်းချနေသည်မှာ ချင်းပြည်သူများ၏ ရတနာသိုက်ဟုဆိုလျှင် မမှားချေ။ သင်္ချာကိန်းဂဏန်း အရ တွက်ရမည်ဆိုလျှင် ဝဥ မျိုးစေ့အသီး ၁ ပိဿာလျှင် အသီးအလုံးအရေ(၅၀-၆၀) လုံးကြား အမြဲရှိသည်ကို တွေ့ရှိရပါသည်။ လက်ရှိ ပေါက်ဈေးအရ ကျပ် ၁၀၀၀၀/-နဲ့ ၁ပိဿာမျိုးစေ့ အလုံး (၅၀)လုံးအား စိုက်ပြီး(၃)နှစ်အတွင်း ပြန်တူးဖော်ပါက မျိုးစေ့အသီး(၁) လုံး၏ ထွက်ရှိသည့် ပျမ်းမျှအလေးချိန် အနည်းဆုံး(၇၀)ကျပ်သားအထိ တွေ့ရှိရပြီး တချို့နေရာများတွင် ၁ ပိဿာ ထွက်ရှိနေသည်ကိုလည်း တွေ့ရှိရပါသည်။ လက်ရှိပေါက်ဈေးတွင် ဝဥအစိုကုန်ကြမ်း ၁ပိဿာလျှင် ကျပ် (၃၀၀၀/-)ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆိုရလျှင် ဝဥမျိုးစေ့အသီး ၁ပိဿာ (အသီး ၅၀-၆၀)အား ကျပ် ၁၀၀၀၀/- ဖြင့် စိုက်ပျိုးပြီး (၃)နှစ်မှ ပြန်လည်တူးဖော်ရာတွင် လက်ရှိပေါက်ဈေးအရ ၅၀ အလုံး×၂၀၀၀ကျပ် နှုန်း = ကျပ် ၁၀၀၀၀၀/- ခန့် ရရှိမည်ဖြစ်ပြီး  ထိုဝဥမျိုးစေ့အသီး   (၅၀-၆၀)လုံးခန့်၏ ပြန်လည်ရရှိသောအသီးမျိုးစေ့(၃)နှစ်အတွင်း ၃ ပိဿာခန့် မျိုးစေ့ပြန်လည်ရရှိမည် ဖြစ်ပါသည်။ ကျပ်(၁၀၀၀၀)ခန့်ဖြင့်(၃)နှစ်အတွင်း ရင်းနှီးမြှုပ်နှံခြင်းသည် လက်ရှိပေါက်ဈေးအရ ကျပ် (၁၃၀၀၀၀)ခန့် ပြန်လည်ရရှိမည်ဖြစ်၍ ချင်းပြည်နယ်တွင် မည်သည့်စီးပွားရေးမှ ဝဥစိုက်ပျိုး ရေးလုပ်ငန်းသည် ယှဉ်နိုင်ခြင်းမရှိပေ။ ဝဥစိုက်ပျိုးခြံ ၁ ဧကတွင် မျိုးစေ့အသီး(၁၀၀)ပိဿာခန့် စိုက်ပျိုးလျှင် (၃)နှစ်အတွင်း ပြန်လည်တူးဖော်ရာတွင် လက်ရှိပေါက်ဈေးအရ အနည်းဆုံး ကျပ်(၈.၀)သန်းခန့်အဖြစ် ခန့်မှန်းထားလျက်ရှိသည်။  ချင်းပြည်နယ်တွင် အိမ်ထောင်စု ကိုးသောင်းကျော်ဟု ထုတ်ပြန်ထားပါသည်။ အစိုးရ သက်တမ်း(၅)နှစ်အတွင်းဝဥစိုက်ပျိုးရေးကို တွန်းတွန်းတိုက်တိုက် အစိုးရဖက်မှ ပြည်သူတွေကို ကူညီပံ့ပိုးပြီး စိုက်ပျိုးလျှင် လူနေမှုဘဝ စီးပွားရေးအိမ်ထောင်စု(၁)စု၏ တစ်နှစ်ဝင်ငွေကျပ် (၁၀.၀)သန်းခန့်ရှိလာပြီး လူနေမှုစီးပွားရေးလည်း ပိုမိုတိုးတက်လာသည်နှင့်အမျှ ပညာရေး၊ ကျန်းမာရေးသုံးစရိတ်တွေလည်း ပြည်သူတွေအတွက် ပိုမိုမြန်ဆန်လာမည်ဖြစ်ပါတယ်။ ထိုကဲ့သို့ စနစ်တကျ စီမံဆောင်ရွက်လျှင် ချင်းပြည်နယ်မြို့များ အားလုံးတွင် ဝဥအခြောက်လွှာစက်ရုံများ ပိုတိုးလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုပေါလာကာပြည်နယ်ရန်ပုံငွေလည်း ပိုရရှိလာမည်ဖြစ်သည်။ ဝဥကုန်ကြမ်း၊ ကုန်ချောဈေး ကွက်ကိုလည်းအစိုးရဘက်မှ တတ်သိပညာရှင်များ ဖိတ်ခေါ်၍ အစဉ်မြဲတင်ပို့နိုင်သည့် အာမခံစာချွန်လွှာများကို ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းပြီး နိုင်ငံတကာတင်ပို့နိုင်ဖို့ အစိုးရ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ ချင်းပြည်သူများ ၏ဝဥစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခြင်းမှ ထွက်ရှိလာမည့်ကုန်ကြမ်း၊ ကုန်ချောထုတ်ကုန် များသည်ပိုမိုများပြားစွာ ထွက်ရှိလာနိုင်သော်လည်း ဈေးကွက်ကျဆင်းလာမှုမျိုး ဖြစ်ပေါ်လာလျှင် ပြည်သူတွေ၏အခွင့်လမ်းများ ပျက်ပြယ်သွားမှာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်နယ်အစိုးရအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်သူများ အတွက် ဝဥချေးငွေနှင့် ပြည်နယ်ရန်ပုံငွေဖြင့်သော်လည်းကောင်း မည်ကဲ့သို့ စီစဉ်ဆောင်ရွက် နေသည်ကို သိရှိလိုသဖြင့် ဥက္ကဌမှတဆင့် မေးမြန်းအပ်ပါသည်။     

ဥက္ကဋ္ဌ။          ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်…

ဦးစိုးထက်(စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ကျွန်တော်ကတော့ ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုးထက်ဖြစ်ပါ တယ်… ချင်းပြည်နယ်အတွင်းရှိ ဝဥစိုက်တောင်သူများ အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာ ရေးနှစ်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝဥမျိုးစေ့ပိဿာ(၄၂၄၂၃)ကို မြို့နယ်(၉)မြို့နယ်သို့ ဖြန့်ဖြူး ပေးခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ဝဥမျိုးစေ့ဖြန့်ဖြူး ပေးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀) တင်ပြတောင်းခံ ထားပြီးဖြစ်၍ ရန်ပုံငွေရရှိပါက ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဝဥမျိုးစေ့ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဝဥစိုက်တောင်သူများ ချေးငွေရရှိနိုင်ရေးအတွက် ချင်းပြည်နယ် MSME Agency နှင့် ချင်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ  မြို့နယ်(၉)မြို့နယ်တွင် တစ်မြို့နယ်လျှင် ကျပ်သိန်း(၁၅၀၀)နှုန်းဖြင့် မြို့နယ် (၉)မြို့နယ်အတွက် ကျပ်သိန်း(၁၃၅၀၀)အား ဝဥစိုက်ပျိုး တောင်သူများအတွက်လည်းကောင်း၊ တွန်းဇံမြို့နယ် ဘိန်းအစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ကျပ်သိန်း (၁၅၀၀)၊ မင်းတပ်မြို့နယ်၊ ထင်ချောင်းကျေးရွာ ဝဥ လွှာခြောက်စက်ရုံအတွက် ကျပ်သိန်း(၁၀၀၀)၊ စုစုပေါင်း ကျပ်သိန်း (၁၆၀၀၀) ထုတ်ချေးပေးနိုင်ရေးအတွက် လိုအပ်သည့်အချက် အလက်စာရွက်စာတမ်း များနှင့်အတူ MSME Development Bank နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းချေးငွေကျပ်သိန်း (၁၆၀၀၀)အား SME ဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်လုပ်ထုံး လုပ်နည်းနှင့်အညီစိစစ်အတည်ပြုပြီးပါက ချင်းပြည်နယ် အစိုးရအဖွဲ့၏ကမ္ဘောဇဘဏ် ( KBZ Bank ) တွင် ဖွင့်လှစ်ထားရှိသော ငွေစာရင်းအမှတ်(346302346001 99501)သို့ လွှဲပြောင်းပေးပို့နိုင်ရန် SME ဖွံ့ဖြိုးရေးဘဏ်သို့ အကြောင်းကြားထားပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဝဥစိုက်တောင်သူများအတွက် ချေး ငွေရရှိနိုင်ရေးကို ချင်းပြည်နယ်MSME Agency နှင့် ချင်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တို့မှ SME Development Bank ထံသို့ ချေးငွေရရှိ နိုင်ရေးထပ်မံညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ဥက္ကဋ္ဌ။  မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်မှ  ချင်းပြည်နယ်အတွင်း သစ်(ပျဉ်)ကုန်ကြမ်း၊ ကုန်ချော တစ်နှစ်လျှင် မည်မျှတန်ချိန် ထုတ်လုပ်နိုင်ခြင်းနှင့် ပြည်နယ်အတွင်း ပြည်နယ်ပြည်ပများတွင် သစ်(ပျဉ်)ကုန်ကြမ်း၊ ကုန်ချော မည်ကဲ့သို့ ထုတ်လုပ်ရောင်းချ စီမံကွပ်ကဲနေသည်ကို သိရှိလိုသော မေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ် ပါတယ်…

ဦးအောင်လျန်(မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်)     လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ကျွန်တော်ကတော့ မတူပီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ဖြစ်ပါတယ်… လက်ရှိမေးခွန်းသည်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဇယား(၂)ဖြစ်သော်လည်း ပြည်သူများ၏ သိချင်လိုသော မေးခွန်းဖြစ်နေခြင်းကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။ ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝမြို့နယ် အသီးသီးတွင် သစ်တောဘိနယ်ရုံး အသီးသီးတွင် ကျွန်း၊ပျဉ်းကတိုး၊သစ်မလန်း၊ ပိတောက်၊ ယူကလစ်နှင့် အခြားသောသစ်မာ အမျိုးအစား တစ်နှစ်တစ်နှစ် ထုတ်ကုန်များလျက်ရှိရာ ပြည်နယ် ပြည်ပနှင့် ပြည်နယ်အတွင်း လေလံရောင်းချခြင်း ကြမ်းခင်းဈေးများ မတူညီမှုများ တွေ့ရှိရပါသည်။ ထုတ်ကုန်ကြမ်းအမျိုးအစားလည်း ပြည်နယ် အတွင်းနှင့် ပြည်နယ်ပြင်ပသို့ လေလံရောင်းချသည့်အရည်အသွေးများကွာခြားမှုရှိနေသည်ကို သိရှိရပါသည်။

     တစ်နှစ်လျှင် မည်မျှတန်ချိန် ထွက်ရှိထုတ်လုပ်လေလံတင်ရောင်းချနိုင်သည်ကို မသိရှိ ခြင်းနှင့် မည်ကဲ့သို့ ပြည်နယ်တွင်းနှင့် ပြည်နယ်ပြည်ပပစ္စည်းအရည်အသွေး ခွဲခြားစီမံခြင်း၊ နယ်မြေဒေသ အလိုက် မည်ကဲ့သို့ လေလံတင်ကြမ်းခင်းဈေးကွက်များ ကွပ်ကဲနေသည်ကို သိရှိလိုပါသဖြင့် ဥက္ကဌမှ တစ်ဆင့် မေးမြန်းအပ် ပါသည်။       

ဥက္ကဋ္ဌ။          ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြားဖို့ ဖြစ်ပါတယ်…

ဦးမာန်ဟင်းဒါလ်(စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား… ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်ဖြစ်ပါတယ်… သစ်တောဦးစီးဌာနသည်  နိုင်ငံပိုင်သစ်တောများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး၊ ကျွန်းနှင့် သစ်မာ နှစ်စဉ် တောထွက်ပမာဏအပေါ် အခြေခံ၍ ဌာနဆိုင်ရာလုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ နှစ်စဉ်ကျွန်းနှင့် သစ်မာပင်ထောင် ရိုက်မှတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး မြန်မာ့သစ်လုပ်ငန်းမှ အဆိုပါသစ်များကို ထုတ်ယူရောင်းချ ပေးလျက်ရှိပါသည်။   ချင်းပြည်နယ်အတွင်းရှိ   သစ်တောကြိုးဝိုင်းများမှ  သစ်များကို ကလေးသစ် ထုတ်ရေးဒေသမှ ၂၀၁၇-၂၀၁၈ခုနှစ် သစ်ထုတ်ရာသီတွင် ကျွန်းတန်(၇၀၀)နှင့် သစ်မာတန်(၆၆၁၅)၊ ၂၀၁၈-၂၀၁၉ခုနှစ် သစ်ထုတ်ရာသီတွင် ကျွန်းတန်(၅၀၀)နှင့် သစ်မာတန်(၈၀၀၀)၊ ၂၀၁၉ – ၂၀၂၀ သစ်ထုတ်ရာသီတွင် ကျွန်း တန်(၅၀၀)တန်နှင့် သစ်မာတန်(၇၀၀၀)လျာထားထုတ်လုပ် ဆောင်ရွက်ခဲ့ပါသည်။ ချင်းပြည်နယ်၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝမြို့နယ်အသီးသီးရှိ သစ်တောဘိနယ်ရုံးအသီးသီးတွင် တည်ရှိသော သစ်များသည် ဖမ်းဆီးရမိသည့် တရားမဝင်သစ်များသာဖြစ်ပါသည်။ အဆိုပါ သစ်များအနက် ပိုင်ရှင်ဖြင့် ဖမ်းဆီးရမိသည့် သစ်များနှင့် ပတ်သက်၍ တရားစွဲဆိုခြင်းဆောင်ရွက်ပြီး တရားရုံးမှ အမိန့် ချမှတ်၍ သစ်တောဦးစီးဌာနသို့  လွှဲပြောင်းပေးအပ်လာပါက ပုံစံ(၈)စာရင်း ရေးသွင်းရပါသည်။  အဆိုပါ ပုံစံ(၈)သစ်များအား မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ပါကြောင်းနှင့် မြန်မာ့ သစ်လုပ်ငန်းမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆိုပါသစ် များအားလေလံတင်ရောင်းချပါသည်။ ထို့အပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒေသလိုအပ်ချက်နှင့် ပြည်သူ တို့၏သစ်လိုအပ် ချက်များကို ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ဖမ်းဆီးရမိ ပုံစံ(၈) သစ် (ကျွန်း၊ တမလန်း၊ ပိတောက်၊ သင်းဝင်မှအပ)များအား လုပ်ငန်းအဆင့်(၇)ရပ်ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကြမ်းခင်း ဈေးဖြင့်ရောင်းချခွင့်ပြုလျက်ရှိပါသည်။၂၀၁၇-၂၀၁၈ဘဏ္ဍာရေး  နှစ်တွင် ပုံစံ(၈)သစ် (ကျွန်း၊ တမလန်း၊ ပိတောက်၊ သင်းဝင်မှ အပ) (၃၈၈.၀၅၂၃)တန်၊ ၂၀၁၈ – ၂၀၁၉ဘဏ္ဍာနှစ်တွင် ပုံစံ(၈) သစ် (ကျွန်း၊ တမလန်း၊ပိတောက်၊သင်းဝင်မှအပ)(၁၆၇.၂၄၂၆) တန်၊ ၂၀၁၉ – ၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ပုံစံ(၈)သစ် (ကျွန်း၊ တမလန်း၊ပိတောက်၊ သင်းဝင်မှအပ) (၁၄၈.၅၄၃၆) တန်၊ စုစုပေါင်း (၇၀၃.၈၃၈၅)တန်အား ရောင်းချခွင့်ပြုခဲ့သည့်အနက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပုံစံ(၈)သစ် (ကျွန်း၊ တမလန်း၊ ပိတောက်၊ သင်းဝင်မှအပ) (၄၂၁.၅၈၄၁)တန်အား ပြည်နယ်ကျော် သယ်ယူခွင့်မပြုကြောင်း စည်းကမ်းသတ်မှတ်၍ ဌာနလုပ်ထုံးလုပ်နည်းနှင့်အညီ ကြမ်းခင်းဈေးဖြင့် ရောင်းချပေး ခဲ့ပါသည်။ ပြည်နယ်ပြင်ပသို့ ရောင်းချခွင့်ပြုခြင်းမရှိပါကြောင်း သိရှိရပါသည်။ မေးခွန်းနှင့်ပတ်သက်၍  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ သစ်ထုတ်လုပ်ရောင်းချမှုများကို စိစစ်ကွပ်ကဲဆောင်ရွက်လျက်ရှိပြီး တရားမဝင်ဖမ်းဆီး ရမိသော ပုံစံ(၈)သစ်များကို သစ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ကြမ်းခင်းစျေးနှုန်းများ အတိုင်း လေလံတင်ရောင်းချလျက်ရှိပါ ကြောင်း၊ မြို့နယ်အလိုက် သစ်အမျိုးအစားအပေါ် မူတည်၍ ရောင်းချသော ကြမ်းခင်းစျေးနှုန်းများ တူညီမှုမရှိခြင်းဖြစ်ပါ ကြောင်းနှင့် ချင်းပြည်နယ်အတွင်း သစ်လိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်၍ မြန်မာ့သစ်လုပ်ငန်းမှစော်ဘွားသစ်ဆိပ်၊ ဂန့်ဂေါသစ်ဆိပ်များမှ ပြည်ထောင်စု၀န်ကြီးဌာနမှ ခွင့်ပြုထားသည့် သစ်မာအုပ်စုများကို ဟားခါးမြို့ တွင် လေလံစနစ်ဖြင့် (၁)နှစ် တင်ဒါခေါ်ယူဆောင်ရွက်နေပါသဖြင့် ဒေသခံများမှ တင်ဒါ/ လေလံခေါ် ယူသည့်အခါ ဝင်ပြိုင်နိုင်ပါကြောင်း  ရှင်းလင်း ဖြေကြားအပ်ပါသည်။

ဥက္ကဋ္ဌ။             လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးအောင်လျန်ရဲ့ တင်ပြချက်နှင့် ပတ်သက်ပြီး ကျွန်တော်ဆက်ပြီးတော့ ကြားခြင်တာက အဆလခေတ်ကတည်းက ဟားခါးမှာ သစ်လုပ်ငန်း မန်နေဂျာရှိပါတယ်၊ အဲဒီအချိန်မှာ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက်ကြောင့် နောက်ပြီး တော့ အဆောက်အဦတွေကို လူထုက မဝယ်တဲ့အခါကျတော့ အဲဒီအခြေအနေကြောင်းကြောင့်လား မသိ ကလေးနမြို့ကိုဆက်ခဲ့ရပါတယ်၊ အခုဆိုရင် လမ်းခြေအနေကလည်းကောင်းလာတယ်၊ တကယ် တမ်းမြန်မာပြည်မှာ ကြည့်မယ်ဆိုရင် သစ်အနည်းငယ်ကျန်တာ ချင်းပြည်နယ်နှင့် ဗန်းမော်ခရိုင်ဒေသ မှာပဲ ကျန်တယ်၊ အဲဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ့်တိုင်းခြားဖြစ်တဲ့ စစ်ကိုင်းတိုင်းနှင့် မနွတလေးတိုင်း၊ မကွေးတိုင်း၊ ဂန့်ဂေါ်နှင့် ကလေးကို ချင်းပြည်နယ်က အဲဒီနေရာရောက်ပြီးတော့ ချင်းလူမျိုးတွေသွားဝယ်တဲ့အခါမှာ ထပ်ပြီးတော့ အခွန်ကောက်တာတွေ ပြီးတော့ သစ်လုပ်ငန်း ကလည်းအဝေးကြီးဆိုတဲ့အခါ ကျွန်တော်တို့ ချင်းလူမျိုးတွေ တော်တော်နစ်နာခဲ့ပါတယ်၊ အဲဒါကြောင့် မနေ့ကလည်း ပထောင်စုဝန်ကြီး၊ သစ်တောဝန်ကြီးရောက်တဲ့အခါမှာ တင်ပြခဲ့ပါတယ်။ အဲဒီအတွက် ကြောင့် သစ်စက်ကိုလည်း ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ ကလေးတို့မှာ ခွဲစက်ကို လျှောက်ကြပါလို့ မှာကြားခဲ့ပါတယ်၊ အခု ဟားခါးမှာလည်း လျှောက်တဲ့သူ (၁)ယောက်ရှိကြောင်းနှင့် အမိန့်ကျမကျ တော့ မသိသေးပါဘူး၊ အဲဒီအတွက်ကြောင့် သစ်လုပ်ငန်းမန်နေဂျာကို ချင်းပြည်နယ်မှာ ဘယ်နေရာမှာ ဖြစ်ဖြစ်သစ်လုပ်ငန်းကို ပြန်လည်တားရှိဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကနေ ထပ်ဆင့်ပြီးတော့ ပြည်ထောင်စုဝန်ကြီးကို တောင်းပေးဖို့နှင့် ပြည်သူတွေအတွက် အရေးကြီးတဲ့အတွက် လစ်လှူမရှုဘဲနဲ့ အမြန်ဆုံးပြည်သူအတွက် ကျွန်တော်တို့အတွက် အခွင့်အရေးတစ်ခုဖြစ်တဲ့အားလျှော်စွာ ပြည်ထောင်စု ကို တင်ပြဖို့ ထပ်လောင်းပြီးတော့ နိုးဆော်လိုပါတယ်။

၈။      တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (ကြည်း ၆၆၅၉၀) ဗိုလ်ကြီးအောင်ကျော်သက်အစား (ကြည်း၄၈၁၈၀) ဗိုလ်ကြီးခိုင်လွင်ထူးအား ချင်းပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့၊ အဖွဲ့ဝင်အဖြစ် အစားထိုးတာဝန် ပေးအပ်ခြင်း။

ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…. ချင်းပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့၊ အဖွဲ့ဝင်အစားထိုး တာဝန်ပေးအပ်ခြင်း အစီအစဉ်ဖြစ်ပါတယ်….

 ဥက္ကဋ္ဌ။         ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေ၇၀ (ခ)အရ ချင်းပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့၊ အဖွဲ့ဝင် တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (ကြည်း၆၆၅၉၀) ဗိုလ်ကြီးအောင်ကျော်သက်အစား (ကြည်း ၄၈၁၈၀) ဗိုလ်ကြီးခိုင်လွင်ထူးအား ချင်းပြည်နယ်လွှတ်‌တော် ပြည်သူ့ငွေစာရင်းအဖွဲ့၊ အဖွဲ့ဝင်အဖြစ် အစားထိုး တာဝန်ပေးအပ်ရန် လွှတ်တော်၏ သဘောထား ရယူမှာဖြစ်ပါတယ်…

ဥက္ကဋ္ဌ။         ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား………တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (ကြည်း ၆၆၅၉၀)ဗိုလ်ကြီးအောင်ကျော်သက်အစား(ကြည်း ၄၈၁၈၀)ဗိုလ်ကြီးခိုင်လွင်ထူး အား ချင်းပြည်နယ်လွှတ်‌တော် ပြည်သူ့ငွေစာရင်းအဖွဲ့၊ အဖွဲ့ဝင်အဖြစ် အစားထိုး တာဝန်ပေးအပ်ရန် အားလုံးသဘောတူပါသလားခင်ဗျား… အားလုံးသဘောတူပါ သလားခင်ဗျား… အားလုံးသဘောတူပါ သလားခင်ဗျား…

 (လွှတ်တော်ကိုယ်စားလှယ်များ ဆန္ဒပြုခြင်း)

         သဘောမတူတဲ့ ကိုယ်စားလှယ်များရှိပါသလားခင်ဗျား……

(လွှတ်တော်ကိုယ်စားလှယ်များမှ  ဆန္ဒပြုခြင်း)

ဥက္ကဋ္ဌ။        ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား….   သဘောမတူသည့် လွှတ်တော် ကိုယ်စားလှယ်များ မရှိသည့်အတွက် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (ကြည်း ၆၆၅၉၀) ဗိုလ်ကြီးအောင်ကျော်သက်အစား (ကြည်း ၄၈၁၈၀)ဗိုလ်ကြီးခိုင်လွင်ထူးအား ချင်းပြည်နယ်လွှတ်‌တော် ပြည်သူ့ငွေစာရင်းအဖွဲ့၊ အဖွဲ့ဝင်အဖြစ် အစားထိုးတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…

(လက်ခုပ်ဩဘာသံများ)

၉။      တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (ကြည်း ၆၆၅၉၀) ဗိုလ်ကြီးအောင်ကျော်သက် အစား(ကြည်း၄၈၁၈၀) ဗိုလ်ကြီးခိုင်လွင်ထူးအား ချင်းပြည်နယ် လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီအဖွဲ့ဝင်အဖြစ် အစားထိုးတာဝန် ပေးအပ်ခြင်း။

 ဥက္ကဋ္ဌ။         ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…. ချင်းပြည်နယ်လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် အစားထိုးတာဝန်ပေးအပ်ခြင်း အစီအစဉ် ဖြစ်ပါတယ်ခင်ဗျား..….

ဥက္ကဋ္ဌ။          လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၇၀ (ခ) အရ ချင်းပြည်နယ်လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ အဖွဲ့ဝင် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(ကြည်း၆၆၅၉၀)  ဗိုလ်ကြီးအောင်ကျော်သက်အစား(ကြည်း ၄၈၁၈၀) ဗိုလ်ကြီးခိုင်လွင်ထူးအား ချင်းပြည်နယ် လွှတ်‌တော်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ အဖွဲ့ဝင်အဖြစ် အစားထိုးတာဝန် ပေးအပ်ရန် လွှတ်တော်၏သဘောထားရယူမှာဖြစ်ပါတယ်…

ဥက္ကဋ္ဌ။      လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…. တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (ကြည်း၆၆၅၉၀)ဗိုလ်ကြီးအောင်ကျော်သက်အစား (ကြည်း ၄၈၁၈၀)ဗိုလ်ကြီးခိုင်လွင်ထူးအား ချင်းပြည်နယ်လွှတ်‌တော်၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်အဖြစ် အစားထိုးတာဝန်ပေးအပ်ရန် အားလုံးသဘောတူပါသလား ခင်ဗျား… အားလုံးသဘောတူပါသလားခင်ဗျား… အားလုံးသဘောတူ ပါသလားခင်ဗျား…

(လွှတ်တော်ကိုယ်စားလှယ်များ ဆန္ဒပြုခြင်း)

သဘောမတူတဲ့ ကိုယ်စားလှယ်များရှိပါသလားခင်ဗျား……

(လွှတ်တော်ကိုယ်စားလှယ်များ ဆန္ဒပြုခြင်း)

ဥက္ကဋ္ဌ။  လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…. သဘောမတူသည့်လွှတ်တော်ကိုယ်စားလှယ်များ မရှိသည့်အတွက် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(ကြည်း ၆၆၅၉၀) ဗိုလ်ကြီးအောင်ကျော်သက်အစား (ကြည်း ၄၈၁၈၀)ဗိုလ်ကြီးခိုင်လွင်ထူးအား ချင်းပြည်နယ် လွှတ်‌တော်၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်အဖြစ် အစားထိုးတာဝန် ပေးအပ်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…

၁၀။    ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တင်သွင်းခြင်း။

ဥက္ကဋ္ဌ။          ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တင်သွင်းခြင်း အစီအစဉ်ဖြစ်ပါတယ်…

ဦးဝီကော(စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး)။  လေးစားအပ်ပါသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား.. မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့  ကိုယ်စား ရှင်းလင်းတင်ပြမည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောဖြစ်ပါတယ်ခင်ဗျား… လေးစားအပ်ပါသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များခင်ဗျား..  ချင်းပြည်နယ်၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းတွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သော ဌာန၊ အဖွဲ့အစည်း(၂၅)ဖွဲ့ရှိပြီး မူလခန့်မှန်း ခြေငွေစာရင်းအရ ရငွေတွင် ပြည်ထောင်စုမှ ခွဲဝေပေးသည့် အခွန်ဝေစုကျပ် ၅,၆၃၁.၁၉သန်းနှင့်  အရေးပေါ်ရန်ပုံငွေအတွက် ရငွေကျပ် ၁၀၀.၀၀၀သန်း အပါအဝင် စုစုပေါင်း ရငွေကျပ် ၉,၀၆၅.၆၁၃  သန်းဖြစ်ပြီး စုစုပေါင်းသုံးငွေ ကျပ် ၁၆၄,၈၃၂.၁၃၄ သန်းဖြစ်ပါတယ်။ ထို့ကြောင့် လိုငွေ ကျပ် ၁၅၅,၇၆၆.၅၂၁ သန်းဖြစ်ပါကြောင်းနှင့် ၎င်းလိုငွေကို ပြည်ထောင်စုမှ ထောက်ပံ့ပေးထားပြီးဖြစ်ပါ ကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား… လေးစားအပ်ပါသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား..၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်ဌာန၊ အဖွဲ့အစည်း(၁၈)ခု မှ တောင်းခံထားသည့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းကို ချင်းပြည်နယ်လွှတ်တော်ရုံး၏ ၄-၂-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၁/၃-၂(၇၈)/ခလတဖြင့် အတည်ပြုခဲ့ပြီး ပြည်ထောင်စုစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ပေးပို့ ခဲ့ပါတယ်။ အတည်ပြုခဲ့သော ပြုပြင်ပြီးခန့်မှန်းခြေစာရင်းမှာ ရငွေကျပ် ၁၁,၁၀၁.၃၀၂သန်း၊ သုံးငွေ ကျပ် ၁၇၄၀၁၃.၀၄၃ သန်းဖြစ်ပြီး လိုငွေ ကျပ် ၁၆၂၉၁၁.၇၄၁ သန်းဖြစ်ပေါ်ခဲ့ပါတယ်ခင်ဗျား…

လေးစားအပ်ပါသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များခင်ဗျား…ဌာနအလိုက် တောင်းခံသည့် ဖြည့်စွက်တောင်းခံငွေ ကျပ် (၉,၂၆၂.၉၈၁၂)သန်း၏ စာရင်းမှာ နောက်ဆက်တွဲ(က)ပါအတိုင်း ဖြစ်ပါတယ်။  ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့် ပြုငွေတောင်းခံစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းများကို ပြည်ထောင်စုစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၉၁၀-၃-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ ဒုတိယသမ္မတ (၂)မှ (၂၄-၃-၂၀၂၀) ရက်နေ့တွင်လည်းကောင်း စိစစ်ခဲ့ပါတယ်၊ ထိုသို့ စိစစ်ချက်အရ ဖြည့်စွက်ခွင့်ပြုငွေစာရင်း  သာမန်တွင် ကျပ်(၁၇.၇၁၂)သန်း၊ ငွေလုံးငွေရင်းသုံးငွေ ကျပ်(၂၄၃၄.၅၁၂)သန်း၊ စုစုပေါင်း ကျပ် (၂၄၇၂.၂၂၄)သန်းကို လျှော့ချခဲ့ရပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် ဟားခါး၊ ဖလမ်း၊ မင်းတပ်မြို့များတွင် လမ်းမီးများတပ်ဆင်ရအတွက် လမ်းမီးကြိုးဝယ်ယူတည်ဆောက်ခြင်း၊ သီကီရ်  ကျေးရွာတွင် ဒေါ်ခင်ကြည် Foundation မှ တည်ဆောက်ပေးထားသော အဆောက်အဦး(၅၀)လုံး ဓာတ်အားပေးနိုင်ရန် Internal Wiring များ တပ်ဆင်ခြင်း၊ ဟားခါးဘက်အခြမ်းဆီဆိုင်မှ ဖလမ်းမြို့ ဝင်အထိ ဓာတ်အားလိုင်းတည်ဆောက်ခြင်းတို့အတွက် ကျပ်၁၄၉.၇၁၀သန်း ထပ်တိုးရရှိခြင်းကို နောက်ဆက်(ခ)ပါအတိုင်း ပြင်ဆင်ခဲ့ရကာ နောက်ဆက်တွဲ(ဂ)ပါဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့် သာမာန်အသုံးစရိတ်ကျပ် ၅၉၄.၇၆၇ သန်း ငွေလုံးငွေရင်းအသုံးစာရိတ်ကျပ် ၆၃၄၅.၇၀၁ သန်း စုစုပေါင်းကျပ် ၆၉၄၀.၄၆၈ သန်းဖြင့် (၇-၄-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်သော ဘဏ္ဍာရေး ကော်မရှင် (၁/၂၀၂၀)သို့ ဆက်လက်တင်ပြခဲ့ရာ ဘဏ္ဍာရေးကော်မရှင်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြခဲ့ပါတယ်ခင်ဗျား… လေးစားအပ်ပါသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းကို အခြေခံ၍ ရေးဆွဲထားသည့် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းမှာ စုစုပေါင်းရငွေ ကျပ်၁၁,၁၀၁.၃၀၂သန်း စုစုပေါင်း သုံးငွေ ကျပ်၁၇၁၆၉၀၅၂၉သန်းဖြစ်၍ လိုငွေကျပ် ၁၆၀၅၈၉၂၂၇ သန်းဖြစ်ပါကြောင်းနှင့် ထို့ကြောင့် ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ရမည့် လိုငွေ ကျပ်၄၈၂၂၇၀၆သန်းဖြစ်ပြီး ၎င်းလိုငွေကို ပြည်ထောင်စု မှ ထောက်ပံ့ရန်ကိုလည်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၇.၅.၂၀၂၀)ရက်နေ့တွင် ဥပဒေအမှတ် ၈ဖြင့် အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတကလည်း (၂၉.၅.၂၀၂၀)ရက်နေ့တွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေအဖြစ် လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်ခင်ဗျား… လေးစားအပ်ပါသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များခင်ဗျား… သို့ဖြစ်ပါ၍ နောက်ဆက်တွဲ (ခ)ပါ စိစစ်လျှော့ချသည့် ငွေရင်းနှင့် ထပ်မံ့တိုးမြှင့်ရရှိခဲ့ သည့် ငွေရပ်များအား ပြည်နယ်လွှတ်တော်မှ အတည်ပြုမှတ်တမ်းတင်ပြပေးနိုင်ပါရန်နှင့် ချင်းပြည်နယ်ဌာန၊ အဖွဲ့အစည်း(၁၈)ဖွဲ့မှ  တောင်းခံထာသည့် ဖြည့်စွက်ခွင့်ပြုငွေစာရင်းများကို အခြေခံ၍ ရေးဆွဲထားသော ၂၀၁၉-၂၀၂၀ခု၊ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို နောက်ဆက်တွဲ(ဃ)ဖြင့်လည်းကောင်း၊ အဆိုပါဥပဒေကြမ်းအပေါ် ပြည်နယ်ဥပဒေချုပ်၏ သဘောထားမှတ်ချက်အား နောက်ဆက်တွဲ(င)ဖြင့်လည်းကောင်း တင်ပြထား ပြီး အဆိုပါဥပဒေကြမ်းအား ပြည်နယ်လွှတ်တော်မှ လေ့လာသုံးသပ် အတည်ပြုပေးနိုင်ပါရန် တင်ပြ အပ်ပါတယ်ခင်ဗျား…

၁၁။    ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများကြားချုပ်ဆို ထားသော စာချုပ်ပါအဓိကအချက်အလက်များအား လုပ်ငန်းဆောင်ရွက်ရာတွင် ပြီးပြည့်စုံ စွာအောင်မြင် စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြီးကြပ်မှုတာဝန်ယူရသော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ခရိုင်/ မြို့နယ်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အသိပေးရေး ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသောအဆိုကို တင်သွင်းခြင်း။

ဥက္ကဋ္ဌ။          ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဌါနဆိုင်ရာများနှင့် ကုမ္ပဏီများကြား ချုပ်ဆိုထားသော စာချုပ်ပါအဓိကအချက်အလက်များအား လုပ်ငန်းဆောင်ရွက်ရာတွင် ပြီးပြည့်စုံ စွာအောင်မြင် စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြီးကြပ်မှုတာဝန်ယူရသော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ခရိုင်/ မြို့နယ်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အသိပေးရေး ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသောအဆိုကို တင်သွင်းခြင်း အစီအစဉ်ဖြစ်ပါတယ်…

ဥက္ကဋ္ဌ။     ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဌါနဆိုင်ရာများနှင့် ကုမ္ပဏီများကြား ချုပ်ဆိုထားသော စာချုပ်ပါအဓိကအချက်အလက်များအား လုပ်ငန်းဆောင်ရွက်ရာတွင် ပြီးပြည့်စုံ စွာအောင်မြင် စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြီးကြပ်မှုတာဝန်ယူရသော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ခရိုင်/ မြို့နယ်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အသိပေးရေး ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသောအဆိုကို တင်သွင်း ရန် ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းအား ဖိတ်ခေါ်ပါတယ်…

ဦးဗန်ထောင်း(ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁)။    လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား… ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဗန်ထောင်းဖြစ်ပါတယ်… ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဌါနဆိုင်ရာများနှင့် ကုမ္ပဏီများကြား ချုပ်ဆိုထားသော စာချုပ်ပါအဓိကအချက်အလက်များအား လုပ်ငန်းဆောင်ရွက်ရာတွင် ပြီးပြည့်စုံ စွာအောင်မြင် စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြီးကြပ်မှုတာဝန်ယူရသော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ခရိုင်/ မြို့နယ်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဌါနဆိုင်ရာများနှင့် ကုမ္ပဏီများကြား ချုပ်ဆိုထားသော စာချုပ်ပါအဓိကအချက်အလက်များအား လုပ်ငန်းဆောင်ရွက်ရာတွင် ပြီးပြည့်စုံ စွာအောင်မြင် စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြီးကြပ်မှုတာဝန်ယူရသော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ခရိုင်/ မြို့နယ်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တင်ပြသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား…ဒေသဖွံ့ဖြိုးရေးအတွက် ငွေလုံးငွေရင်း ရန်ပုံငွေ ဖြင့် တင်ဒါခေါ်ယူပြီးဆောင်ရွက်သော လုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များ ခရိုင်၊ မြို့နယ်၊ အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာအစိုးရအားတိုက်တွန်းခြင်း ချင်းပြည်နယ်တွင် နှစ်စဉ်အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိနေသော ဒေသဖွံ့ဖြိုးလုပ်ငန်းအမျိုးမျိုး (လမ်းဖောက် လုပ်ခြင်း)နှင့် (အခြားတည်ဆောက်ရေးလုပ်ငန်းမျိုးစုံ) ကို တင်ဒါခေါ်ယူလျက် ကုမ္ပဏီများမှ လက်တွေ့ဆောင်ရွက်ကြရပါသည်။ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး ပြည့်မီ စေရန်နှင့် စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်စေရန် အစိုးရအဖွဲ့ကသော်လည်းကောင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကသော်လည်းကောင်း၊ သက်ဆိုင်ရာ ကာယာကံရှင်ဌာနများမှ သော်လည်းကောင်း အခါအားလျော်စွာ ကြီးကြပ်ဆောင်ရွက်လျက် ရှိတာကို တွေ့ရှိရပါတယ်။

 ထိုသို့ လုပ်ငန်းကြီး ကြပ်မှုများဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်း၏ အခြေအနေစံချိန်စံညွှန်းသတ်မျတ်ချက်များ စသည်များကို အသေးစိတ် သိရှိခြင်းမရှိသည်ကို အများအားဖြင့် တွေ့ရှိရပါ သည်။ သက်ဆိုင်ရာဌာနများမှ သွားရောက်လေ့လာကြည့်ရှုတဲ့အခါမှာ ကြုံတွေ့ရ တဲ့  အတွေ့အကြုံများဖြစ်ပါတယ်။

ဥပမာ- ဒီလုပ်ငန်းနှင့် ပတ်သက်ပြီးတော့ ကျေးရွာချင်းဆက်လမ်းများ လမ်းတာချဲ့ရာမှာ ရေမြောင်းမလုပ်တာကို ပြောလို့ရှိတဲ့ စာချုပ်ထဲမှာ မပါရှိပါဘူးဆိုပြီးတော့ အပြောခံရတတ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်တဲ့နေရာမှာလည်း တစ်ရွာနှင့် တစ်ရွာ၊ တစ်လုံးနှင့် တစ်လုံး မတူကြပါဘူး၊ ကျွန်တော်တို့ပြောမိလို့ရှိရင်လည်း အထက်လမ်းညွှန်ချက်နှင့် ဆောင်ရွက်တာဖြစ် တယ်လို့ ပြောခံရတတ်ပါတယ်။ လမ်းများမှာ ရေပြွန်တည်ဆောက်တဲ့နေရာမှာလည်း ဥပမာ- တစ်ချို့ က သံချောင်း (၁၀)ချောင်းထည့်တယ်၊ တစ်ချို့ (၆)ချောင်းထည့်တယ် စသည်ဖြင့်ပေါ့၊ အရည်အတွက် အရွယ်အစားအလုံးလိုက်လည်း မတူဘူး။ အရည်အသွေးမမှီတဲ့ဟာကို ထည့်သည့်လူလည်းရှိကြောင်း ထို့အတူပါပဲ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနများမှ ဆောင်ရွက်တဲ့တည်ဆောက်ရေးလုပ်ငန်းများ မှာလည်း ထိုနည်းလည်းကောင်းဖြစ်ပါတယ်။ ပြောရင်လည်း အပြောမခံပါဘူး။ နောက်ပြီး လမ်းလုပ် ငန်းများ ဆောင်ရွက်ပြီး (၂)နှစ်အတွင်း အပြီးတာဝန်ယူရာတွင်လည်း အချို့ကုမ္ပဏီများက တာဝန်မရှိ ဘူးလို့ ပြောကြပါတယ်။ စာချုပ်မှာ ဖော်ပြထားခြင်းရှိ/ မရှိလည်း မသိရတဲ့အတွက် ပြောဆိုရတာ ခက်ခဲပါတယ်။ တစ်ချို့ကုမ္ပဏီများ ရင်းနှီးမှုအရ သွားပြောဆို ဆွေးနွေးရင်တော့ တစ်ခါတစ်ခါ အဆင် ပြေတတ်ပါတယ်။ သို့သော် အချို့ကုမ္ပဏီများကတော့ ဘယ်လိုမှ ဒီဟာနဲ့ ပတ်သက်လို့ တာဝန်မယူ တာကို တွေ့ရှိရပါတယ်။ ဒီကိစ္စဟာ အစိုးရအဖွဲ့ကနေပြီးတော့ စာချုပ်က ဒီလိုရှိတယ်ဆိုတာကို ကုမ္ပဏီများကို ညွှန်ကြားချက်များ ထုတ်ပြန်ပေးတယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာနများကိုလည်း မိတ္တူများ ပေးပို့ပြီးတော့မှ အသိပေးတယ် ဆိုရင် တကယ်လက်တွေ့လုပ်ငန်းမှာ သွားရောက်ပြီးတော့မှ ပြောဆိုဆက်ဆံတဲ့အခါမှာ အဆင်ပြေ မှာဖြစ်ပါတယ်။ ဒီလိုပြောတဲ့နေရာမှ လူတိုင်းကို ပေးရမယ်လို့ မဆိုလိုပါဘူး။ တစ်ချို့ ကျေးရွာတွေမှာ အမြင်အမျိုးမျိုးနဲ့ ရှိကြပါတယ်။ သူတို့ အမြင်အမျိုးမျိုးကို လက်ခံဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သွားကြီးကြပ်တဲ့နေရာမှာလည်းပဲ အခြေအနေမှန် သတ်မှတ်ပေးတဲ့ အရည်အသွေးကို မသိတဲ့အခါကျတော့ သူတို့ကို မကြီးကြပ်ရကောင်းလား ဆိုပြီး အပြစ်တင် ကြိမ်းမောင်းခြင်းလည်း ခံရတတ်ပါတယ်။ ကျွန်တော့်မြို့နယ်မှာဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ထိုအတိုင်းလည်း ပြောပါတယ်။ အဲဒီတော့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများကလည်း တစ်ချို့ လုပ်ငန်းတွေကို မသိရှိရကြောင်း ပြောကြတာလည်း ရှိတယ်။

ဆောင်ရွက်နေတဲ့လုပ်ငန်းများရဲ့ စံချိန်စံညွှန်းအတိုင်း သိရှိမှသာ အဲလိုလည်း သွားပြောရမှာ ဖြစ်ပါတယ်။

ပြီးတော့မှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်း အရည်အသွေး အတိုင်း ပြီးပြည့်စုံစွာ အောင်မြင်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြီးကြပ်မှုတွင် တာဝန်ယူ ရသော အစိုးရအဖွဲ့ကို ကူညီဆောင်ရွက်တာပါ။ ပြည်သူအကျိုးအတွက်ပါ။ လွှတ်တော်ကိုယ်စားလှယ် များ သက်ဆိုင်ရာဌာနများ၊ အစိုးရဌာနများနှင့် ကုမ္ပဏီများကြား ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များ၊ သတ်မှတ်ချက်များကို မသိရှိကြရပါ။ ထိုသို့ မသိရခြင်းကြောင့် စံချိန်စံညွှန်းပြည့် မီအောင် မည်ကဲ့သို့ ကြီးကြပ်ရမည်ကို မသိရှိကြတော့ပါ၊ ထို့အတွက်ကြောင့် မလိုလားအပ်သော အခြေအနေများ မကြာခဏကြုံတွေ့ရတတ်ပါသည်။ ထိုသူများအနေဖြင့် အခြေအနေမသိရပါဘဲ လျက် ကြီးကြပ်ရန်တာဝန်ရှိသည်ဟု အပြစ်တင်ကျိန်းမောင်းခံရတတ်ပါသည်။ ထိုသူများသည် မိမိများနှင့် သက်ဆိုင်သော ဒေသတွင် ဆောင်ရွက်ရသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ စံချိန်စံညွှန်း ပြည့်မီစွာ၊ အရည်အသွေးကောင်းမွန်စွာ အကောင်အထည်ဖော်ရေးအတွက် ကြီးကြပ်စောင့်ကြည့် ရမည့် တာဝန်ရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ဌာန ဆိုင်ရာများနှင့် ကုမ္ပများကြား ချုပ်ဆိုထားသော စာချုပ်ပါအဓိက အချက်အလက်များအား လုပ်ငန်း ဆောင်ရွက်ရာတွင် ပြီးပြည့်စုံစွာ အောင်မြင်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင ကြီးကြပ်မှု တာဝန်ယူရသော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအား အသိပေးရေးဆောင်ရွက်ပေးပါရန် လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ချင်းပြည်နယ်အစိုးရအား လေးစားစွာ တိုက်တွန်းအပ်ပါသည်။

    ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့) ရပ်နားကြောင်းနှင့်  အစည်းအဝေး(ဒုတိယနေ့) နေ့ရက်/ အချိန် ကြေညာခြင်း။

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့) ရပ်နားမည်ဖြစ်ပါတယ်…

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး (ဒုတိယနေ့)ကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၉) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…

( လက်ခုပ်ဩဘာသံများ )

အခမ်းအနားမှူး။       ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွါပါက အခန်းတွင်းရှိပုဂ္ဂိုလ်များ အားလုံး မတ်တပ်ရပ်ပေးကြပါရန် ဖြစ်ပါတယ်…

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွါပါပြီခင်ဗျား…