
(၉.၇.၂၀၂၀) ရက်နံနက်(၁၀၀၀)ချိန်မှ(၁၂၃၀)ချိန်ထိ ချင်းပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီအစည်းဝေးခန်းမတွင် ဟားခါးမြို့တော်၏ အနောက်ဖက် ဟားခါးကောလိပ်အနီးတွင်ရှိပြီး ၊ ဟားခါးမြို့တော်၏ အားထားရသည့် ရေအရင်းအမြစ်တစ်ခု ဖြစ်ပြီး ၊ မြို့မြင်ကွင်း သာယာလှပ စေခြင်း၊ ခရီးသွားလုပ်ငန်း တိုးတက်လာစေရန်အတွက် အထောက်အကူဖြစ်ခြင်း၊ အနာဂတ် တိုးတက်လာမည့် လူဦးရေအတွက် သောက်သုံးရေဖူလုံစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် နွယ်ချောင်း ရေလှောင်တမံစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

ချင်းပြည်နယ်၊ဟားခါးမြို့တော်သည် မိုးရာသီတွင်ရေပေါများသော်လည်း နွေရာသီတွင် ရေအခက် အခဲရှိခြင်း၊ဟားခါးမြို့၏ ၂၀၀၄ခုနှစ်ခန့်တွင်ဖြစ်ပေါ်လာ နိုင်သောလူဦးရေ(၁)သိန်းခန့် အတွက် လိုအပ်သော ရေလိုအပ်ချက်ကို ဖြည့်စွက်ပေးနိုင်ရန်အတွက် ဆောင်ရွက်ရန်သင့်လျော်သော စီမံကိန်းဖြစ်သဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၏ လမ်း ညွှန်မှုအရ နွယ်ချောင်း ရေလှောင်တမံအား ဆောင်ရွက်နိုင်ရန်အတွက် နွယ်ချောင်းရေလှောင်တမံ ဖြစ်မြောက်ရေး ရှေ့ပြေး ကော်မတီမှ လုပ်ငန်းလမ်းညွှန်ချက်ကို ၂၀၀၈ခုနှစ်၊အောက်တိုဘာလတွင် ရေးဆွဲခဲ့ပါသည်။

ထိုအဆိုပါ နွယ်ချောင်းရေလှောင်တမံ ဖြစ်မြောက်ရေးကော်မတီမှ အကူအညီ တောင်းခံ သဖြင့် မြန်မာနိုင်ငံ၊ အင်ဂျင်နီယာအသင်းမှ ဦးခင်မောင်ချစ်နှင့် အဖွဲ့တို့သည် ကွင်းဆင်းစစ်ဆေး၍ Conceptual Formation Report ရေးသားပြုစုခဲ့ပါသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်) ၊ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ဦးဆောင်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တွင်ထပ်မံကွင်းဆင်း၍ တမံအူကြောင်းရွေးချယ်သတ်မှတ်ကာ လိုအပ်သော စူးစမ်းလေ့လာမှုများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ခဲ့ပါသည်။
ယခုအခါတွင် နွယ်ချောင်းရေလှောင်တမံ စီမံကိန်းဧရိယာတွင် စူးစမ်းလေ့လာရေးဌာနခွဲမှ လိုအပ်သော မြေပြင်တိုင်းတာမှုများ ဆောင်ရွက်ပြီးဖြစ်၍ အင်ဂျင်နီယာဘူမိဗေဒ(၂)ရုံး၊ ဘူမိဗေဒ ဌာနခွဲမှ တမံအူကြောင်းအား ဘူမိဗေဒစူးစမ်းလေ့လာမှုများကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃) ရက်၊ မှစတင်၍ စိန်လွန်တူးစက် (၂)စုံ ဖြင့် ဆောင်ရွက်ခဲ့ရာ ပထမတမံအူကြောင်းတွင် စိန်လွန်တွင်း(၆)တွင်း တူးဖော်ပြီးစီးခဲ့ပါသည်။သို့ရာတွင် ချောင်း၏လက်ဝဲဘက်ခြမ်း (Left Side) တွင် မြေပြိုထားသောနေရာ ( Old land Slide Area) တွေ့ရှိရသဖြင့် မူလတမံအူကြောင်း၏ လက်ဝဲဘက်ခြမ်းအား အပေါ်ဘက် (Upstream) သို့ ပေ(၅၀၀) ရွှေ့ပြီး စိန်လွန်တွင်း (၄)တွင်း ထပ်မံတူးဖော်ခဲ့ရသဖြင့် တမံအူကြောင်း တစ်လျောက်စုစုပေါင်း စိန်လွန်တွင်း(၁၀)တွင်း တူးဖော်ခဲ့ရပါသည်။
(၂.၇.၂၀၂၀) ရက်နေ့ မှစ၍ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၊ ဇလဗေဒဌာနခွဲမှ နွယ်ချောင်းအား ရေစီးရေလာတိုင်းတာခြင်း ၊ ရေမှတ်တိုင်များစိုက်ထူခြင်း လုပ်ငန်းများ အား စတင်လုပ်ဆောင်နေပြီဖြစ်ပါသည်။
မှတ်ချက်။ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာန၏တင်ပြမှုအပေါ် ကောက်နုတ်ချက်